Tuesday, July 31, 2012

ဖားကန့်ဒေသမှ ကချင်တိုင်းရင်းသားတစ်ဦး၏ ပေးစာ

ဖားကန့်ဒေသမှ ကချင်တိုင်းရင်းသားတစ်ဦး၏ ပေးစာ  

ကျွန်တော်ကတော့ ကချင်ပြည်နယ်ဖားကန့်ဒေသမှာ နေထိုင်တဲ့ဒေသခံ တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ဖားကန့်ဒေသဆိုတာ ကချင်ပြည်နယ်မှာ အလွန်ပဲ သာယာပျော်ရွှင်စရာ ကောင်းတဲ့ ဒေသတစ်ခုဖြစ်သလို ဖားကန့်ကျောက်စိမ်းကြောင့်လည်း ကမ္ဘာကျော်ဒေသတစ်ခုလို့ ဆိုနိုင် ပါတယ်။ ဒါပေမယ့်အခုအခါမှာတော့ ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)ကြောင့် ကျွန်တော်တို့ ဒေသရဲ့ အလှအပတွေ သယံဇာတတွေ ပျက်စီးပြီးလူမှုဒုက္ခ တွေနဲ့ ပင်လယ်ဝေနေရပါပြီ။ 

အရင်တုန်းက ဖားကန့်ဒေသမှာ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေနဲ့ ဘာသာရေး၊သာသနာ ရေးအလှူပွဲတွေနဲ့ တကယ်ပဲစည်စည်ကားကားရှိခဲ့ပေမယ့် အစိုးရနဲ့ KIA တပ်တွေ ငြိမ်းချမ်းရေးပျက်ပြားပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ဒေသဟာ ပျော်စရာမကောင်းတော့ပါဘူး။ KIA တပ်တွေအနေနဲ့ ကုမ္ပဏီ တွေကနေ ငွေကြေးအများကြီးတောင်းခံနေလို့ ကုမ္ပဏီတွေလဲ မနေနိုင်တော့ပါဘူး။ လုပ်ငန်းရှင်တွေ အနေနဲ့ လည်း KIA ရဲ့ အမျိုးမျိုးနှိပ်စက်မှုတွေကြောင့် ဒီဒေသမှာ အလုပ်မလုပ်ကြတော့ပါဘူး။ ဒါကြောင့် ကျွန်တော် တို့ ဒေသခံတွေအနေနဲ့ အလုပ်ကမရှိ၊ ၀င်ငွေကမရှိ ဖြစ်နေကြပါတယ်။
လမ်းတံတားတွေဆိုရင်လဲ KIA တပ်တွေဖျက်ဆီးထားလို့ သွားလာလို့မရတော့ပါဘူး။ အဆိုးရွားဆုံး  ကတော့ ဖားကန့်ဒေသမှာရှိနေကြတဲ့သူတွေကို KIA က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်၊ လူသစ်စုဆောင်းမှုတွေလုပ်နေတဲ့အပြင် ကျောင်းသားကျောင်းသူတွေ ပညာသင်ကြားတဲ့နေရာမှာလည်း KIAတပ်ဖွဲ့ဝင်တွေက သွားရောက်နှောင့်ယှက်နေ ပါတယ်။ ဇူလိုင်လ(၂၄)ရက်နေ့က ကံဆီးရွာ အလယ်တန်း ကျောင်းကို KIA တပ်ဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ကျောင်းမှာ လွှင့်ထူထားတဲ့ နိုင်ငံတော် အလံကို အတင်း ဖြုတ်ချ ခိုင်းပါတယ်။ ပြီးတော့ သူတို့ KIA အလံကို လွှင့်တင်ခိုင်းပါတယ်။ ဒီလိုမျိုးKIAအလံကိုနေ့စဉ်လွှင့်တင် ထားရမယ်လို့လဲခြိမ်းခြောက်ပြောဆိုခဲ့တဲ့အတွက်ကျောင်းမှာရှိကြတဲ့ဆရာ၊ဆရာမ တွေနဲ့ကျောင်းသား ကျောင်းသူတွေ၊ရွာသားတွေအားလုံးကအလွန်ပဲခံပြင်းဒေါသထွက်နေကြပါတယ်။အဲဒီကျောင်းမှာကျောင်းသား (၁၀၀၀)ခန့်ရှိပြီး ဒီကျောင်းဟာ အစိုးရက ဖွင့်ပေးထားတဲ့ကျောင်းဖြစ်ပါတယ်။
KIA အဖွဲ့တွေရဲ့ ဒီလိုမျိုးလုပ်ရပ်ဟာ သီးခြားဝမ်ပေါင်သမ္မတနိုင်ငံ ထူထောင်တယ်ဆိုတဲ့ သဘောမျိုး jဖစ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုင်းမှာ KIA က ကတိပြုပြောနေတဲ့ ပြည်ထောင်စုက ခွဲမထွက်ပါဘူး ဆိုတဲ့ စကားကို အလေး အနက်မထားတဲ့သဘောဖြစ်နေပါတယ်။ ဒီလိုမျိုးလုပ်ရပ်ဟာ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားအားလုံးကို စော်ကား လိုက်ခြင်းဖြစ်ပါတယ်။အမှန်တကယ်တော့ KIA ဆိုတာ ကျွန်တော်တို့ ကချင်မျိုးနွယ်စုတစ်ရပ်လုံးကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ သူတို့ဌာနချုပ်ရှိတဲ့ လိုင်ဇာကွက်ကွက် ကလေးသာကိုယ်စားပြုတာပါ။ အစိုးရကိုဆန့်ကျင်တယ်၊အစိုးရ တပ်တွေကိုတိုက်မယ်ဆိုရင်လဲ စစ်တပ်ရှိတဲ့နေရာတွေမှာ သွားတိုက်ရင် ကျွန်တော်တို့ အပြစ်မမြင်ပါဘူး။ အခုဟာက အရပ်သားတွေ နေတဲ့နေရာတွေ၊ အရပ်သားဝန်ထမ်းတွေစတဲ့အရပ်ဘက်တွေကိုတိုက်ခိုက်နေပါတယ်။KIA ထောင်တဲ့ မိုင်းတွေကလဲ အရပ်သားတွေပဲ ထိ နေပါတယ်။ KIA မိုင်းကြောင့် ခြေပြတ်လက်ပြတ် လူစဉ်မမှီဖြစ်နေတဲ့ ဒေသခံ အရေအတွက်ဟာ ကျွန်တော်တို့ဖားကန့်ဒေသတစ်ခုထဲမှာပင် ရာနဲ့ချီပြီးရှိနေပါတယ်။
ကျွန်တော်တို့ဖားကန့်ဒေသအပါအ၀င်ကချင်ပြည်နယ်နေရာအများအပြားမှာကချင်လက်နက်ကိုင် KIA တပ် တွေဟာအာဖဂန်နစ္စတန်နဲ့အီရတ်မှာရှိကြတဲ့ အစွန်းရောက် အကြမ်းသမားတွေရဲ့ ပုံစံအတိုင်း လုပ်ဆောင် နေပါတယ်။ လူထုတွေအနေနဲ့ ငါဘယ်နေ့သေမလဲ၊ KIA က ဘာအကြောင်းပြချက်နဲ့လာသတ်မလဲဆိုတဲ့ စိုးရိမ်ထိတ်လန့်စွာနဲ့ အသက်ရှင်နေကြရပါတယ်။ မနေ့တစ်နေ့ကပဲ အစိုးရ၀န်ထမ်းတွေဖမ်းသွားပြီး သတ်ပစ်ခဲ့တာတွေရှိနေပါတယ်။ KIA အနေနဲ့ ကချင်လူထုကောင်းစားရေး၊ ကချင်ပြည်နယ် လွတ်မြောက်ရေး ဆိုပြီး ပါးစပ်က ကြွေးကြော်နေပေမယ့် တကယ့် လုပ်ရပ်ကတော့ ကချင်ပြည်နယ် တစ်ခုလုံးမှာ ရှိကြတဲ့ လူထုတစ်ရပ်လုံး ဒုက္ခရောက်အောင်လုပ်နေပါတယ်။
တပ်မတော်က ကာ/ချုပ်ကြီးအနေနဲ့ ကျွန်တော်တို့ကချင်ပြည်နယ်ရဲ့ဒုက္ခတွေကို ကယ်တင်ပေး စေချင်ပါတယ်။ ကာ/ချုပ်ကြီးရောက်ရှိတဲ့တပ်တွေ၊မြို့တွေမှာ ကာ/ချုပ်ကြီးပြောနေတဲ့ စကားကို ကျွန်တော်တို့ အလွန်သဘောကျပါ တယ်။ ဒို့တာဝန်အရေးသုံးပါး၊ ဖွဲ့စည်းပုံအခြခံဥပဒေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အမြဲတန်းကာကွယ် စောင့်ရှောက်ဖို့ ပြောတဲ့စကားကြားရတော့ ကျွန်တော်တို့ ဖားကန့် ဒေသအပါအ၀င် ကချင်ပြည်နယ်ကလူထုတွေရဲ့ အကျိုးစီးပွားကိုလဲ ကာကွယ်စောင့်ရှောက်ပေးဖို့ ပြောပြချင်ပါတယ်။ ကျွန်တော်တို့လဲ ပြည်သူတွေပါပဲ။ ပြည်သူတွေ ရဲ့ဒုက္ခတွေကို ကာ/ချုပ်ကြီးတို့ တပ်မတော်ကလွှဲလို့ ဘယ်သူမှ မကာကွယ်နိုင်ပါဘူး၊ ဒါဟာမှန်သော စကား ပြောခြင်း ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ KIA ခေါင်းဆောင်ပိုင်းတွေအနေနဲ့ သူတို့ရဲ့ လက်အောက်ခံတပ်တွေ၊ ဒေသခံ လူထုတွေကို သတင်းအမှားတွေ ပြောပြနေပြီး ငြိမ်းချမ်းရေးပျက်အောင် လုပ်နေကြပါတယ်။ ငြိမ်းချမ်းရေး ဆိုတာ နှစ်ဦးနှစ်ဘက် ရိုးသားပွင့်လင်းစွာ ပြောဆိုဆွေးနွေးကြမယ်ဆိုရင် မဖြစ်နိုင်စရာ မရှိဘူးလို့ ထင်ပါတယ်။ တစ်ခြားတိုင်းရင်းသားလက်နက်ကိုင်တော်တော်များများအစိုးရနဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး ငြိမ်းချမ်းရေး ရယူထား လို့ သူတို့ဒေသက ပြည်သူတွေ အေးအေးဆေးဆေး နေနိုင်ကြပါပြီ။ KIA အနေနဲ ငြိမ်းချမ်းရေးမယူဘဲနေတာ KIA ခေါင်းဆောင်ပိုင်းရဲ့ အကျိုးစီးပွားတွေ လျော့နည်းသွားမှာစိုးရိမ်လို့ဆိုတဲ့ အချက်ကလွှဲလို့ ဘာမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် တပ်မတော် အနေနဲ့ ကချင်ပြည်နယ်မှာ ရှိကြတဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားကိုလည်း ကာကွယ်စောင့်ရှောက်ပေးစေချင်ပါတယ်ခင်ဗျာ…..။

တပ်မတော်အစိုးရ ယန္တရားက ထိန်းချုပ်ထားဆဲ


တပ်မတော်အစိုးရ ယန္တရားက ထိန်းချုပ်ထားဆဲ:
http://www.scotsman.com/news/international/burma-s-military-still-in-control-1-2438664

“လမ်းတွေပေါ်မှာ စစ်တပ်နဲ့ရဲတွေကို အုံလိုက်ကျင်းလိုက် မတွေ့ရတော့ပါဘူး။ ဒါဟာပြောင်းလဲလာတဲ့ လက္ခဏာကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားဘယ်သွားလဲ၊ ဘယ်သူနဲ့တွေ့သလဲလို့ စောင့်ကြည့်နေတဲ့ အစိုးရသတင်းပေးတွေကတော့ ဟိုတယ်တွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ လမ်းတွေပေါ်မှာ၊ နေရာတကာမှာ ရှိနေပါတယ်”
(Scotman News မှ 29 July 2012ရက်စွဲပါ “Burma’s military still in control”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)



ရှုပ်ထွေးသောရန်ကုန်မြို့တော်လမ်းဆုံမီးပွိုင့်တစ်ခုတွင်ပျင်းရိငြင်းငွေ့နေပုံရသောစစ်သားနှစ်ဦးသည် အော်တိုမတ်တစ်ရိုင်ဖယ်သေနတ်ကိုင်၍ မတ်တပ်ရပ်နေကြသည်။ တပ်မတော်(သို့)စစ်တပ်ကကာလများစွာ လွှမ်းမိုးထားခဲ့သောနိုင်ငံတွင် ယခုလိုစစ်သားနှစ်ဦးသာတွေ့ရသော ဤမြင်ကွင်းသည် ထူးဆန်းသည်။



မည်သို့ပင်ဖြစ်စေ ရန်ကုန်သည် ယခုအခါ အခြားပုံမှန်အရှေ့တောင်အာရှမြို့တော်များကဲ့သို့ ရှုတ်ထွေးလာ၊ ဆူညံလာ၊ ပွစိတတ်လာသလို စိတ်လှုပ်ရှား၍ အားတက်စရာလည်းကောင်းလာသည်။ ယခင်နှစ်ပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြီးခဲ့သောအပတ်တွင်လွှတ်တော်၌သူမ၏အဖွင့်စကား ပြောကြားခဲ့ခြင်းသည် လမ်းလျှောက်သင်စ မြန်မာ့ဒီမိုကရေစီခြေလှမ်းလေးများကို ထင်ဟပ် နေသည်။
ပြောင်းလဲနေသောကမ္ဘာသစ်တွင် ယခင်အထီးကျန်နိုင်ငံကို နေရာပိုရလာအောင် အထောက်အကူပြုမည့် စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို ယခုအရပ်ဖက်အစိုးရသစ်က ဦးစားပေးလုပ်ဆောင်နေသည့် လက္ခဏာရှိသည်။
သို့ဆိုလျှင် တစ်ချိန်ကမိုးကောင်းခဲ့ကြသည့် ရဲတပ်ဖွဲ့နှင့်တပ်မတော်တို့ ဘယ်ရောက်သွားသနည်း။ ၎င်းတို့ကို မတွေ့ရခြင်းသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့်စီးပွားရေး ဖွံ့ဖြိုးရေးအနာဂါတ်ဆီသို့ မြန်မာနိုင်ငံဦးတည်နေပြီဟူသော နောက်ထပ် လက္ခဏာကောင်းတစ်ခုများလား။
နှစ်ပေါင်းနှစ်ဆယ်ခန့် ပြည်ပတွင်တိမ်းရှောင်နေပြီး မကြာသေးမီက မြန်မာနိုင်ငံသို့ပြန်သွားသော NLD အကြီးတန်းပါတီဝင် ဦးသိန်းမောင်သည် တပ်မတော်အစိုးရ ယန္တရားကြီးဖုံးကွယ် ငုတ်လျှိုးနေရုံမျှသာဖြစ်သည်ဟု ယုံကြည်ထားသူဖြစ်သည်။



“လမ်းတွေပေါ်မှာ စစ်တပ်နဲ့ရဲတွေကို အုံလိုက်ကျင်းလိုက် မတွေ့ရတော့ပါဘူး။ ဒါဟာပြောင်းလဲလာတဲ့ လက္ခဏာကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားဘယ်သွားလဲ၊ ဘယ်သူနဲ့တွေ့သလဲလို့ စောင့်ကြည့်နေတဲ့ အစိုးရသတင်းပေးတွေကတော့ ဟိုတယ်တွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ လမ်းတွေပေါ်မှာ၊ နေရာတကာမှာ ရှိနေပါတယ်”ဟု သူကဆိုသည်။



သြဇာတိက္ကမ ကြီးမားသော ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှလွှတ်၍ နိုင်ငံရေးနယ်ပယ်၌ ပြန်ပေါ်လာခြင်းသည် တကယ်မဟုတ်သော ထင်ယောင်ထင်မှားအပြောင်းအလဲကို ဖန်တီးခြင်းအားဖြင့် မြန်မာအများစု၏အနေအထားကို ပိုဆိုသွားစေရုံသာရှိသည်ဟု အချို့ကယုံကြည်ကြသည်။



ဒေါ်အောင်ဆန်းစုကြည်သည် သဘာဝကပေးသောအဖြေဟု အများစုကလက်ခံထားကြခြင်းထက် အမှန်တကယ်၌ မြန်မာနိုင်ငံအတွက် ပြဿနာတစ်ရပ်ဖြစ်လာနိုင်ကြောင်း စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။ သူမ၏ ကမ္ဘာကျော်ရေပန်းစားမှုသည် မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွက်ရေးကို အဟန့်အတားဖြစ်စေသည်ဟု ယခုလထုတ် မြန်မာတိုင်းမ်းစာစောင်တွင် ဖော်ပြထားသည်။ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၇၀ တန်းသို့ ရောက်ရှိနေပေလိမ့်မည်။



သို့သော်လည်း ယခုလို ဒေါ်အောင်ဆန်းစုကြည်အား အပြစ်တင်မှုသည် အမှန်တကယ်၌ အားရစရာမကောင်းသော မြန်မာအစိုးရ၏ လုပ်ပုံကိုင်ပုံများကို မဝေဖန်ရဲသောကြောင့် လေဒီအပေါ်အပြစ်လှည့်ပုံချလိုသည့် နိုင်ငံရေးသမားအချို့၏ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုသာဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်အချို့ကဆိုသည်။



“ဂုရုကြီးဦးသန်းရွှေ ချယ်လှယ်နေတဲ့ မြန်မာ့နိုင်ငံရေးကစားပွဲကို အကောင်းမြင်သမားတွေရဲ့ အယူအဆဖြစ်တဲ့ လုံးဝပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ လှေကြီးထိုး ကစားကွက်တစ်ခုထဲနဲ့ ယှဉ်ပြိုင်ကစားလို့မရပါဘူး။ ဖာဂူဆန်လိုအကွက်စုံတဲ့ ဦးသန်းရွှေကို ယှဉ်ပြိုင်ဖို့အတွက် မော်ရင်ဟိုလိုနည်းဗျူဟာ စုံလင် ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေလှမ်းတွေဟာ ဒီကနေ့အထိ အမှားအယွင်းမရှိပါဘူး”ဟု မြန်မာ့နိုင်ငံရေးလေ့လာသူအချို့က သုံးသပ် ပြောကြားသည်။



၁၉၈၉ ခုနှစ်မှစ၍အာဏာသိမ်းထားခဲ့သော တပ်မတော်အစိုးရကို ၂၀၁၁ နှစ်ဆန်းတွင် အရပ်ဖက်အစိုးရအဖြစ် အသွင်ပြောင်းပြီးနောက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီကူးပြောင်းမှုများ စတင်ပြုလုပ်ခဲ့သည်။



အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း သူမ၏လုပ်ဖော်ကိုင်ဖက် ပါတီဝင် ၄၀ ကျော်နှင့်အတူ ဧပြီလရွေးကောက်ပွဲတွင် အနိုင်ရရှိကာ လွှတ်တော်သို့ရောက်ရှိလာခဲ့သည်။



ဧပြီရွေးကောက်ပွဲနှင့် သူမ၏ ဇွန်လဥရောပခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုအချို့ သိသိသာသာဖြေလျော့ပေးသည့် ဝါရှင်တန်၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာသည်။ ဂရုတစိုက်စီစဉ်ထားသော ဖြစ်စဉ်များအဖြစ် အမေရိကန်နှင့် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် ကမ္ဘောဒီးယားတွင် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အမေရိကန်ကုမ္ပဏီများ ကိုယ်စားလှယ်အဖွဲ့ကလည်း စီးပွားရေးဆွေးနွေးရန် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။



သို့သော်လည်း နေရာတကာတွင် တပ်မတော်အစိုးရယန္တရား စိမ့်ဝင်ပျံ့နှံ့နေသည်ဟူသော အသိအာရုံကို အစိုးရအာဘော်သတင်းစာ New Light of Myanmar ပါ ဆောင်းပါးတစ်ပုဒ်က ဖော်ထုတ်လိုက်သည်။ ဆောင်းပါးရှင်ဦးဥာဏ်လင်းဆိုသူက ရုပ်ရှင်ရုံများ၌နိုင်ငံတော်အလံကို အလေးမပြုတော့သည့်ကိစ္စကို မယောင်ရာဆီလူး မေးခွန်းထုတ်ထားသည်။ ရုပ်ရှင်ရုံများ၌ ပရိတ်သတ်များက နိုင်ငံတော်အလံကို အလေးမပြုတော့သည့်ကိစ္စကို ကုစားရန် အစီအစဉ်မရှိတော့ဘူးလားဟု ဆောင်ပါးရှင်က မေးမြန်းထားသည်။



အရင်တုန်းကတော့ နိုင်ငံတော်အလံကို အလေးမပြုတဲ့သူတွေကိုရှာဖို့အတွက် ရုပ်ရှင်ရုံတွေမှာ ရဲတွေကို တာဝန်ပေးထားတယ်။ ဒီလိုလူတွေကို ရုပ်ရှင်ရုံထဲကနေထွက်ခိုင်းပြီး ဒဏ်ငွေတပ်ရိုက်တယ်ဟု ယင်းဆောင်းပါးက ဆိုသည်။



ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းအပြုအမူမျိုးကို သည်းခံတော့မည်မဟုတ်ဟု အမိန့်များ ထုတ်ပြန်ထားသည်။ မြင်နိုင်သော ဒေသများတွင် သတိပေးဆိုင်းဘုတ်များချိတ်ဆွဲကာ အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများ ပြုလုပ်သည်။ ထို့အပြင် နိုင်ငံတော်အလံကိုအလေးပြုဖို့ တိုက်တွန်းရန် ဝန်ထမ်းများခန့်ထားရမည်ဟု ရုပ်ရှင်ရုံပိုင်ရှင်များကို ဖိအားပေးလျက်ရှိသည်။



အဆိုပါ မြောက်ကိုရီးယားပုံစံအပြုအမူမျိုးသည် အနောက်ကမ္ဘာ၌ လက်ရှိပေါ်ထွက်နေသော မြန်မာနိုင်ငံပုံရိပ်နှင့် လုံးဝဆန့်ကျင်ဖက် လွဲချော် နေသည်။



ခင်ဗျားနဲ့ NLD လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ အနာဂါတ်ကိုအကောင်းမြင်သလားဟု မေးမြန်းသောအခါ ဦးသိန်းဝမ်းမောင်က“အကောင်းမြင်တယ်လို့တော့မရှိပါဘူး။ အရမ်းစိုးရိမ်တာပဲရှိပါတယ်။ Sanctions တွေရုတ်သိမ်းတာဟာ မြန်ဆန်လွန်းအားကြီးပြီး၊ မြန်မာအစိုးရရဲ့လက်ထဲမှာ ကစားခံနေရပါတယ်။ သူတို့(အစိုးရ)က ရင်းနှီးမြှုပ်နှံမှုတွေကို လိုချင်ပေမယ့်၊ အပြောင်းအလဲတွေဟာ တကယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးတည်သွားနေတယ်ဆိုတဲ့ အာမခံချက်တွေမရှိပါဘူး”ဟု ပြောကြားသည်။



အမေရိကန်ပြည်ထောင်စုသည် တင်းကြပ်သောစည်းကမ်းများချမှတ်ရန် ပျက်ကွက်နေကြောင်း Human Rights Watch အုပ်စုက ပြစ်တင်ဝေဖန်လိုက်ပြီး၊ Burma Campaign UK ကလည်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း မက်လုံးများကြောင့် လူ့အခွင့်အရေးပြဿနာများကို ဖော်ထုတ်မှုနည်းသွားပြီး၊ ချီးမွမ်းသံတွေ ကျယ်လောင်လာသည်ဟု ခနဲ့လိုက်သည်။



ဧပြီလတွင် အီးယူက Sanctions များဖြေလျော့ဆိုင်းငံ့ပေးပြီးနောက်တွင် Rolls Royce၊ BP British Gas Ernst &Young စသော ဗြိတိသျှကုမ္ပဏီများ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။



သတိကြီးကြီးထားကြဖို့ တိုက်တွန်းသော ဦးသိန်းဝမ်းမောင်က မြန်မာအစိုးရအပေါ် တုံးတိတိမှတ်ချက်ပေး ပြောဆိုသည်။



“၂၀၁၅ မှာ ဒီမိုကရေစီပါတီတွေ အနိုင်ရသွားရင် သူတို့အစိုးရဖွဲ့ခွင့် ရမှာမဟုတ်ပါဘူး”



တိုးတက်သယောင်နှင့် မရေမရာဖြစ်နေသော မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ချက်များစွာထားမှုအပေါ် ယခင် အခိုင်အမာထောက်ခံသူများကပင် စိုးရိမ်လာကြသည်။ မဲဆောက် မြန်မာအသိုင်းအဝိုင်းမှ မယ်တော်ဆေးခန်းထူထောင်သူ ဒေါက်တာစင်သီယာမောင်က “အထူးသဖြင့် အနောက်နိုင်ငံတွေက ဒေါ်စုအပေါ်မှာ မျှော်လင့်ချက် ကြီးကြီးမားမားစုပုံထားနေကြပါတယ်။ တစ်စုံတစ်ယောက်ကို ဝန်ထုပ်ဝန်ပိုး ထမ်းခိုင်းတာ များလွန်းနေပါတယ်”ဟု ပြောကြားသည်။



အမည်အဖော်လိုသော ပြည်တွင်းမှနိုင်ငံရေးအကဲခတ်တစ်ဦးကမူ “ဒီမိုကရေစီအုပ်စုတွေ အခုချိန်မှာ မစည်းလုံးဘူးဆိုရင် နွားကွဲပြီး ကျားဆွဲ သွားလိမ့်မယ်”ဟု သတိပေးပြောဆိုသည်။



Yangonchronicle

အိုလံပစ် ဆု စာရင်း




အိုလံပစ် ဆု စာရင်း

တရုပ်ပြည် ရဆု =   ရွှေ  ၇ ခု။ ငွေ ၄ ခု။ ကြေး ၂။ 
အမေရိကန် = ရွှေ ၃။ ငွေ -၅။ ကြေး-၅။ 

အီတလီ= ရွှေ ၂ ။ ငွေ ၄ ။ ကြေး ၂။ တို့ ရရှိနေကြောင်းသိရပါတယ်။ 

မြန်မာ အားကစားအသင်း သတင်းမရရှိသေးပါ။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။